Computer Programming ကိုလေ့လာဖို့က အရမ်းမခက်ပေမဲ့ ဘယ်လိုရပ်တည်မလဲ ဘယ်ကပိုက်ဆံရှာမလဲဆိုတာ တော်တော်လေးခက်ခဲပါသည်။
ပထမဆုံးပိုက်ဆံရှာတဲ့နည်းကတော့ တော်တော်များများလုပ်ကြတဲ့ ကျွမ်းကျင်အောင်လေ့လာပြီးရင် freelance ဒါမှမဟုတ် ရုံးမှာ software developer အဖြစ်ဝင်ရောက်လုပ်ကိုင်တဲ့နည်းလမ်းပါ။
ဒီနည်းလမ်းက နည်းဟောင်းဆိုပေမယ့် တကယ်ကျွမ်းကျင်မှုရှိလာတဲ့အခါ လူချမ်းသာတစ်ယောက်ဖြစ်နိုင်ပါသည်။
အားနည်းချက်တစ်ခုကတော့ ရုံးအလုပ်ဖြစ်သည့်အတွက် အချိန်တော်တော်များများပေးရနိုင်ပြီး remote job ဖြစ်ခဲ့ရင်တောင် အချိန်တော်တော်များများကိုပေးထားရသည်။
ကိုယ်ကလေ့လာအားနည်းတာတို့၊ မိသားစုကြောင့် ထပ်မလေ့လာနိုင်တာတို့ဆိုရင် ရာထူးတစ်ခုမှာရပ်တန့်နေတက်သည်။ ဒါကတော့ ရုံးအလုပ်တိုင်းမှာလိုလိုဖြစ်တက်ပါသည်။
လေ့လာအားကောင်းတဲ့သူ တစ်ယောက်ဆိုရင်တော့ ရာထူးမြင့်မြင့်ကိုတစ်ခဏအတွင်းရောက်သွားနိုင်သည်။
ကိုယ်ပိုင် Software ဖန်တီးပြီး ရောင်းချခြင်း
ဒုတိယနည်းလမ်းကတော့ ကိုယ်ပိုင် software တစ်ခုကိုဖန်တီးပြီး လိုက်လံရောင်းချတဲ့နည်းလမ်းပါ။
အဲ့ဒီနည်းလမ်းကိုတော်တော်များများကတော့ မကြိုက်ကြပါဘူး။ ကိုယ့် software ကအရမ်းကြီးအသုံးမတည့်နေတာ။ အသုံးတည့်ပေမယ့် သူတို့နားလည်အောင် မရှင်းပြနိုင်တာမျိုးမှာ အခက်တွေ့ရတက်သည်။
ကိုယ်က doctor တစ်ယောက်ဖြစ်တယ်ဆိုပါစို့။ doctor တိုင်းနီးပါအခက်အခဲဖြစ်နေတဲ့ solution တစ်ခုကို ဖန်တီးရေးသားပြီးအချင်းချင်း ရောင်းချမယ်။ အဲ့လိုမျိုးဆိုရင်တော့ အောင်မြင်နိုင်ခြေများပါသည်။
တစ်ခြား engineering, trading, farming, car selling အဲ့လိုနေရာတွေမှာ ကျွမ်းကျင်ရင်းကနေ software developing ကိုလေ့လာဖြစ်တဲ့သူတွေတော့ အဲ့လိုမျိုးလုပ်ပြီး ချမ်းသာသွားတာ များစွာရှိ၏။
Subscription နဲ့ ကြော်ညာထည့်ပြီး ဝင်ငွေရှာခြင်း
တတိယနည်းလမ်းကတော့ subscription ဒါမှမဟုတ် software မှာကြော်ညာထည့်ပြီး ပြန်ရတဲ့နည်းလမ်းပါ။ ဒီနည်းလမ်းမှာ အောင်မြင်တဲ့သူတွေက အသက်အရွယ်မရွေးရှိကြပါသည်။
အင်တာနတ် ခေတ်ဦးမှာ သာမန် content နည်းနည်းလောက်ဖန်တီးပြီး ကြော်ညာထည့် ချမ်းသာသွားတဲ့သူတွေများစွာရှိခဲ့ဖူးသည်။
အသုံးဝင်တဲ့ tools တွေဖန်တီးပြီး update လုပ်ပေးရင်းနဲ့ ချမ်းသာနေသူတွေလည်း များစွာရှိနေသည်။
tools ကိုဖန်တီးတွေသူက ပိုပြီးအဆင်ပြေတယ် ပြောရမည်။ android tools, iOS tools, browser extensions, web app စသဖြင့်အဆင်ပြေရာကိုဖန်တီးနိုင်သည်။
Custom Solutions ဖြေရှင်းပေးခြင်း
စတုတ္ထနည်းလမ်းကတော့ custom solutions တွေဖြေရှင်းပေးသူတွေပါ။ international ကိုပဲဖြစ်ဖြစ် ပြည်တွင်းမှာပဲဖြစ်ဖြစ် ရပ်တည်နေကြတဲ့ပုံစံဖြစ်သည်။
ဘယ်လိုမျိုးလဲဆိုတော့ ဆေးရုံတစ်ခုပဲဆိုပါတော့ အဲ့မှာ စနစ်တစ်ခုက မလိုအပ်ပဲ အချိန်ကြာနေတယ်၊ အဲ့ဒါကို software အစားထိုးလိုက်ရင် အရမ်းအဆင်ပြေပြီး မလိုအပ်တာတွေ လုပ်စရာမလိုတော့တာမျိုး ကိုတွေ့ရှိခဲ့တယ်ဆိုရင် ပိုင်ရှင်နဲ့ဆက်သွယ်ပြီး အဲ့ဒါကို software အကူအညီနဲ့ ဖြေရှင်းပေးခြင်းကိုဆိုလိုတာပါ။
တစ်ခြား စားသောက်ဆိုင်၊ စတိုးဆိုင်၊ logistics၊ အဝတ်အထည်၊ စက်ရုံ အဲ့လိုနေရာတွေမှာ လိုအပ်လေ့ရှိသည်။ တစ်ခြားနေရာများစွာလည်းရှိသေးသည်။ ကိုယ်တိုင်လိုက်ကြည့်ရင် တွေ့နိုင်သည်။
custom solutions နည်းလမ်းကအောင်မြင်သွားရင် ကုမ္မဏီထိတက်လှမ်းပြီး တိုးချဲ့နိုင်သည်။
ဘယ်နည်းလမ်းနဲ့ပဲ ပိုက်ဆံရှာရှာ လိုအပ်တာကတော့ ကျွမ်းကျင်ဖို့ ပါ။